ပွင့်ဖြူ၊ ၃၁ မေ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၃၁ ရက် နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက ကျောင်းအပ်နှံရေးအစီရင်ခံစာအား ဖတ်ကြားရှင်းလင်းပြီး ကျောင်းဖွင့်ရာသီတွင် ကျောင်းဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန်နှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ပြေငြိမ်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အေးချမ်းစွာဖွင့်လှစ်နိုင်ရေး၊ ကျောင်းဝန်းကျင်လုံခြုံရေး စီမံဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော်က တက်ရောက်လာသည့် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အတွင်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားသည်။

အဆိုပါ ကျောင်းအပ်နှံရေး အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။   

ရဲဝင်းနိုင်(ညောင်ဦး)