ပွင့်ဖြူ မေ ၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ရေ ရရှိရေးလုပ်ငန်းနှစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။ 

ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာတွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၉ သန်းဖြင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ ဆိုလာပန့်တပ်ဆင်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ခြံစည်းရိုးကာရံခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပွင့်ဖြူမြို့နယ် ဆင်လူး(မ)ကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၇ ဒသမ ၃ သန်းဖြင့် လက်ရှိစက်ရေတွင်းအား 3 HP ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ 5 KW ဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးလက် ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကုမ္ပဏီများနှင့် တင်ဒါလုပ်ငန်းကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေး‌မောင်ထံမှ သိရသည်။ 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)