ပွင့်ဖြူ မတ် ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးရာသီနှင့် ဆောင်းရာသီကာလ နေကြာသီးနှံ စိုက်ပျိုးရာသီတွင် ၃၆၇၁၂ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုနှင့် ရာသီဥတု မျှတကောင်းမွန်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အဓိကအားဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲ၊ ဖူးစားပြောင်း စသည့် သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် အထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံစိုက်ပျိုးရေးနည်းစနစ်များနှင့် သွင်းအားပစ္စည်း အချိုးကျသုံးစွဲပုံနည်းစနစ်များ၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သီးနှံများ ရိတ်သိမ်းချိန်တွင် အထွက်နှုန်း လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် အချိန်မီ ရိတ်သိမ်းခြွေလှေ့နည်း စနစ်များကို နယ်မြေအလိုက် တာဝန်ခံ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ဒေသခံတောင်သူများကို အသိပညာပေး လုပ်ငန်းများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


