ပွင့်ဖြူ အောက်တိုဘာ ၄

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို တိကျမှန်ကန်စွာ စာရင်းကောက်ယူနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ကံဆွယ်ကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာတို့တွင် တစ်အိမ်တက်ဆင်း စာရင်းများ ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်အဖွဲ့များက လူဦးရေနှင့် အိမ်အကြောင်းအရာ စာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် မြို့နယ်အတွင်း နေထိုင်သောသူများ၏ လူဦးရေဆိုင်ရာ အချက်အလက်များအား ပြည်သူများထံအရောက် သွားရောက်ပြီး Tablet ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Interviews - CAPI ) နည်းပညာဖြင့် မေးခွန်း(၆၈)ခု ပါဝင်သော အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း(၁၈)ခု ပါဝင်သော အဖွဲ့အစည်းမေးခွန်းပုံစံများ အသုံးပြု၍ မေးမြန်းကောက်ယူလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အချက်အလက်စာရင်းများ မှန်မှန်ကန်ကန် ကောက်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၅၂)အုပ်စုရှိ စာရင်းကောက်ကွက်ပေါင်း (၃၀၀)တို့တွင် စာရင်းစစ်၊ စာရင်းကောက် (၁၁၃)ဦးတို့က အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)