ပွင့်ဖြူ   ဒီဇင်ဘာ   ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်းနေနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်နေသည့် (၈)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ ၆၀ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးမှုအား ဒီဇင်ဘာ ၃ ရက်က မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများ စစ်ဆေးရေးအဖွဲ့က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောက်လုပ်သည့်  နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ တည်ဆောက်နေမှု အခြေအနေအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် မကွေးမြို့ ကျော်သာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက်  ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။  ထို့နောက် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းအိမ်ရာ အဆောက်အအုံအား ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် တင်ဒါပါ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကြိုးပမ်းတည်ဆာက် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

အဆိုပါ (၈)ခန်းတွဲ ၊ (၅) ထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံမှာ အလျား ၉၃ ပေ ၆ လက်မ၊ အနံ ၉၃ ပေ ၆ လက်မ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉၈၉၀၀၀၀၀၀ ဖြင့် မကွေးမြို့၊ ကျော်သာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကာ ယခုအခါ ၆၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။

ခင်ဝါဝါလှိုင်(ပြန်/ဆက်)