ပွင့်ဖြူ ၄ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း စိုက်ပျိုးရေမရရှိသည့်ကျေးရွာများအတွက် ဒေသခံ တောင်သူများ အဆင်ပြေစွာ သီးနှံစိုက်ပျိုးနိုင်ရေး အာရှဖွံ့ဖြိုးရေးဘဏ်(ADB)အစီအစဉ်ဖြင့် ရေတွင်းပေါင်း ၁၂၀ဝ တူးဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးစည်သူဖြိုးဝင်းထံမှ သိရသည်။
အဆိုပါ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)အစီအစဉ်ဖြင့် ရေတွင်းပေါင်း ၁၂၀ဝ တူးဖော်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်ကာ (၇)နှစ် စီမံကိန်းဖြင့် တူးဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးစည်သူဖြိုးဝင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး မြို့နယ်အတွင်း အမှန်တကယ် စိုက်ပျိုးရေအခက်အခဲ ဖြစ်နေသည့် ကျေးရွာများစာရင်းကို ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ စိုက်ပျိုးရေ မရရှိသည့်ကျေးရွာများမှ တောင်သူများ ရာသီအလိုက် သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)အစီအစဉ်ဖြင့် ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှ စပြီး (၇)နှစ်စီမံကိန်းနဲ့ စိုက်ပျိုးရေ အဝီစိတွင်းပေါင်း ၁၂၀ဝ တူးဖော်ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။ လတ်တလောမှာတော့ ကျွန်တော်တို့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဝန်ထမ်းတွေ မြေပြင်ကွင်းဆင်းပြီး အမှန်တကယ် စိုက်ပျိုးရေအခက်အခဲဖြစ်နေတဲ့ ကျေးရွာ ဟုတ် ၊ မဟုတ် စာရင်း ကောက်ယူမှုတွေ ဆောင်ရွက်နေပါတယ်။ အဓိကတော့ စိုက်ပျိုးရေအခက်အခဲဖြစ်နေကြတဲ့ တောင်သူတွေကို စိုက်ပျိုးသီးနှံ ဝင်ငွေ ပိုမိုရရှိကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး စိုက်ပျိုးရေရရှိအောင် တူးဖော်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ယခု တူးဖော်ဆောင်ရွက်ပေးမည့် အဝီစိ တွင်းက လယ်ယာမြေ စိုက်ပျိုးဧက ၁၅၀ဝ၀ ခန့် အကျိုးပြုပေးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးစည်သူဖြိုးဝင်းက ပြောပြ၍ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


