ပွင့်ဖြူ ၂၅ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ သီးနှံစိုက်ပျိုးရာတွင် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေသော သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဉယျာဉ်ကျစ်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက တက်ရောက်လာသည့် ဒေသခံတောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် ပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို အသုံးချကာ ဓာတုလွတ်သီးနှံများ ပိုမိုစိုက်ပျိုး လုပ်ကိုင်ကြစေလိုကြောင်းနှင့် ယခုသင်တန်းမှ ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ဂရုတစိုက် လေ့လာသင်ယူသွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

63

 

ဆက်လက်၍ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်က အော်ဂဲနစ်သီးနှံများ စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် အခြေခံစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ သီးနှံအရည်အသွေးနှင့် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန် အချက်များနှင့် မျိုးကောင်းမျိုးသန့်မျိုးစေ့ ထိန်းသိမ်းထားသိုနည်းစနစ်များ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရန် နည်းစနစ်များအကြောင်းကို လည်းကောင်း၊  အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့ ဉက္ကဋ္ဌ ဒေါက်တာသန်းသန်းစိန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းပို့ချသင်ကြားမည့် သင်ခန်းစာများကိုလည်းကောင်း၊ ဒုတိယဉက္ကဋ္ဌ ဦးဆန်းလင်းထွန်းက အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့မှ တောင်သူအကျိုးပြု လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

၎င်းနောက် အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့ ဉက္ကဋ္ဌ ဒေါက်တာသန်းသန်းစိန်နှင့် အဖွဲ့ဝင်များက တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို အစားအစာ ဘေးကင်းလုံခြုံသော အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ ငွေကုန်ကြေးကျသက်သာသော သဘာဝပိုးသတ်ဆေး ထုတ်လုပ်သုံးစွဲနည်းစနစ်များ၊ ဈေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ နည်းလမ်းများ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို စာတွေ့လက်တွေ့ စနစ်တကျ ပို့ချသင်ကြားပေးပြီး ပို့ချပေးသည့် သင်ခန်းစာများအပေါ် တောင်သူများက အပြန်အလှန် အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာ မျှဝေဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ သင်တန်းကို ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့မှ အော်ဂဲနစ် စိုက်ပျိုးရေးနည်းပညာ စိတ်ဝင်စားသည့် ဒေသခံတောင်သူ ၇၀ ဦးခန့် တက်ရောက်သင်ကြားခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက် ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်ထံမှ သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)