ပွင့်ဖြူမြို့နယ်၌ အစီရင်ခံစာရေးသားနည်းသင်တန်းဆင်းပွဲ ကျင်းပ

ပွင့်ဖြူ ၁  မတ်      

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် အစီရင်ခံစာ ရေးသားနည်းသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၈ ရက်၊ မွန်းလွဲ ၃ နာရီက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ယောစုကျေးရွာရှိ ရောင်ခြည်သစ်စာကြည့်တိုက် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

 

အဆိုပါ အစီခံစာရေးသားနည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြို့နယ်အတွင်းရှိ ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်သည့် ပရဟိတလူမှုကွန်ယက်အသင်းအဖွဲ့များအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အစီရင်ခံစာများ ရေးသားရာတွင် စနစ်တကျ ရေးသားပြုစုတတ်စေရန်၊ အစီရင်ခံစာများရေးသားပြီး ပေးပို့ရာ၌ အစီရင်ခံစာပေးပို့သူနှင့် အစီရင်ခံစာလက်ခံသူများအကြား တစ်ဦးနှင့်တစ်ဦး အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရပြီး၊ အစီရင်ခံစာရေးသားနည်းသင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပရဟိတလူမှုကွန်ယက်အသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းအား ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။     

 

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့မှ အဖွဲ့ဝင် ဦးခင်မောင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး၊ သင်တန်းနည်းပြဆရာ ဦးဉာဏ်မြင့်မောင်က သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသော အခြေခံ အစီရင်ခံစာရေးသားပြုစုနည်းဆိုင်ရာသင်ခန်းစာများကို လက်တွေ့အသုံးချပြီး မြို့နယ်အတွင်း ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားလုပ်ကိုင်ပေးစေလိုကြောင်းနှင့် လက်တွေ့အစီရင်ခံစာရေးသားပြုစုရာ၌ အခက်အခဲများရှိပါက အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့မှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြဆရာများက တက်ရောက်လာသည့် သင်တန်း ၂၅ ဦးအား သင်တန်းဆင်းလက်မှတ်များ တစ်ဦးချင်းအလိုက် ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)

 

DF4