ပွင့်ဖြူ ဇန်နဝါရီ  ၉

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး(Pilot Project ) လုပ်ငန်းအား ယနေ့နံနက်ပိုင်းကစပြီး မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။ 

 

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး(Pilot Project )လုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန် အတွက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့များက လိုအပ်သည်များကို ကြီးကြပ်ကူညီဆောင်ရွက်ပေးကာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ ပါဝင်သော(Working Group) ပူးပေါင်းအဖွဲ့ ၁၆၆ ဖွဲ့က သတ်မှတ်နယ်မြေအလိုက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။  

 

ပွင့်ဖြူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၅၆)အုပ်စု ၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိပြီး တစ်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရမည့် အိမ်ထောင်စုပေါင်း ၆၇၄၇၃ စု ရှိကြောင်း သိရကာ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး(Pilot Project )လုပ်ငန်းကို ယနေ့မှစပြီး ဇန်နဝါရီလ (၃၁)ရက်နေ့အထိ ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြောပြသည်။  

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)