ပွင့်ဖြူ    ၁၆   ဧပြီ       

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသော ဈေးများအားလုံး ယာယီပိတ်ထားလျက်ရှိရာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ အခြေခံစားသောက်ကုန် ပစ္စည်းများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဧပြီ ၁၆ ရက် ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့ ၊ ရွှေသုံးဘီးယာဉ်အဖွဲ့နှင့် မြို့ပေါ်ရှိ ပရဟိတလူငယ်များအဖွဲ့က ဦးဆောင်ကာ မော်တော်ယာဉ်နှင့် သုံးဘီးဆိုင်ကယ်များ အသုံးပြု၍ အိမ်တိုင်ရာရောက်စနစ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 


အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးရာတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အခက်အခဲမဖြစ်စေရေးအတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုဘဲ ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချပေးကြောင်း သိရသည်။ 


အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းများအား အိမ်တိုင်ရာရောက် ရောင်းချပေးနိုင်ရေးအတွက် ပွင့်ဖြူမြို့  ရွှေသုံးဘီးယာဉ်အဖွဲ့မှ လိုအပ်သော မော်တော်ယာဉ်နှင့် သုံးဘီးဆိုင်ကယ်များကို ပံ့ပိုးကူညီပေးပြီး မြို့ပေါ်ရှိ ပရဟိတလူငယ်များအဖွဲ့က မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် အနီးဝန်းကျင်ကျေးရွာများကို လိုက်လံရောင်းချပေးနေကြောင်း သိရကာ ယခုလို အိမ်တိုင်ရာရောက် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးများမဖွင့်သည့်ရက်များအတွင်း နေ့စဉ် နံနက် ၈ နာရီအချိန်တွင် ပုံမှန် သွားရောက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း အိမ်တိုင်ရာရောက် ဈေးရောင်းချပေးသည့် ပရဟိတလူငယ်အဖွဲ့ခေါင်းဆောင် ကိုပေတူးထံမှ သိရသည်။  

ရဲဝင်းနိုင်(ညောင်ဦး)