ပွင့်ဖြူ ၁၀ နိုဝင်ဘာ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံလူတန်းစား အိမ်ထောင်စု ၂၇၆၃၅ စုအား ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၅၆ အုပ်စုနှင့် ကျေးရွာပေါင်း ၂၀၄ ရွာရှိပြီး အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၇၆၃၅ စု ရှိကြောင်း သိရသည်။ ယခု ပဉ္စမအကြိမ်အဖြစ် နိုင်ငံတော်မှ အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် ကိုဗစ်-၁၉ ကာလ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၅၂၇၀၀၀၀၀ အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ စာရင်းကောက်ယူရေးနှင့် ရိက္ခာစုဆောင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များထံ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှ ပဉ္စမအကြိမ် ထောက်ပံ့ပေး သည့် ထောက်ပံ့ငွေများကို ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ စာရင်း ကောက်ယူထားသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များထံ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အညီ စနစ်တကျ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


