ပွင့်ဖြူ ၁ ဖေဖော်ဝါရီ    

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပင်ပေါင်း ၉၀၅၁၁ ပင် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်စိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်း ထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း အပူဒဏ် ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ရည်ရွယ်၍ နှစ်စဉ် အရိပ်ရပျိုးပင်များ ပြုစုပျိုးထောင်ပြီး ကျေးရွာသုံးစိုက်ခင်း၊ (ထူးစိမ်း)တစ်အုပ်တစ်မစိုက်ခင်း၊ (ထူးစိမ်း)တောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ခင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစိုက်ခင်းနှင့် ပြည်သူဗဟိုပြု စိုက်ခင်းများဟူ၍ ခွဲခြားသတ်မှတ်ပြီး  အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း အရိပ်ရပင်ပေါင်း ၉၀၅၁၁ ပင် စိုက်ပျိုးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေနဲ့ နှစ်စဉ်မြို့နယ်အတွင်း အပူဒဏ် ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်ပင်များ စိုက်ပျိုးဆောင်ရွက် လျက်ရှိပါတယ်။ ယခုနှစ်မှာလဲ အရိပ်ရပင်များ စိုက်ပျိုးခြင်းကို ကျေးရွာသုံး စိုက်ခင်းအနေနဲ့ ပွင့်ဖြူမြို့နယ် ချောင်းဆုံကျေးရွာအနီးမှာ ဧက ၈၀  ခန့်၊ အခြားစိုက်ခင်းအနေနဲ့ ဧက ၃၀ ခန့် စိုက်ပျိုးဆောင်ရွက် သွားမှာဖြစ်ပါတယ်။ စိုက်ပျိုးမဲ့ အရိပ်ရပင်များကတော့ ယူကလစ်၊ ရှား၊ ဝါး တို့ စိုက်ပျိုးမှာဖြစ်ပြီး စုစုပေါင်း အရိပ်ရပင် ၇၉၅၀ဝ ပင် စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် (ထူးစိမ်း)တစ်အုပ် တစ်မစိုက်ခင်းအနေနဲ့ တမာ(၁၅၀ဝ)ပင် ၊ (ထူးစိမ်း)တောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ခင်းအနေနဲ့ ရှား ၁၇၀ဝ ပင် ၊ မယ်ဇလီ ၂၅၀ဝ ပင်၊ တမာ ၈၀ဝ ပင် ကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးစိုက်ခင်းအနေနဲ့ ပွင့်ဖြူမြို့နယ် မကျီးစုကျေးရွာရှိ အိမ်ထောင်စု(၁၃၂)စုကို တစ်အိမ်ထောင် ကျွန်း(၃)ပင်၊ သစ်မာ(၂၀)ပင်နှုန်းဖြင့် အရိပ်ရပင် ၃၆၃၆ ပင်ကိုလည်းကောင်း၊ ပြည်သူ ဗဟိုပြုစိုက်ခင်းအနေနဲ့ ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာမှာ ယူကလစ် (၈၇၅)ပင်ကို လည်းကောင်း၊ စုစုပေါင်း အရိပ်ရပင် ၉၀၅၁၁ ပင်ကို စိုက်ပျိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

 

ယခုလို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်ပင်များ စိုက်ပျိုးဆောင်ရွက်ခြင်း လုပ်ငန်းအပြင် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်အတွက် ရည်ရွယ်ပြီး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ သစ်တောပြုန်းတီးမှု လျော့နည်းကျဆင်းရေး စွမ်းအားမြင့်မီးဖိုများ ထောက်ပံ့ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်း က ပြောကြားသည်။

 

ယခုလက်ရှိတွင် အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးမည့် အရိပ်ရပင်များအတွက် သတ်မှတ်ကာလ၌ အဆင်ပြေစွာ စိုက်ပျိုးဆောင်ရွက်နိုင်ရေး မြေကျင်းတူးခြင်း လုပ်ငန်းများကို မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်း ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)