ပွင့်ဖြူ ၃၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက လျင်မြန်စွာ တုန့်ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၃၁ ရက်၊ ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က တက်ရောက်လာသည့် ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိမြို့ရွာတွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ မရှိစေရေးအတွက် သင်တန်းမှ လေ့လာသင်ယူခဲ့ရသော သင်ခန်းစာများကို လက်တွေ့အသုံးချကာ လျင်မြန်စွာ တုန့်ပြန်ဖြေရှင်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ တတ်မြောက်ထားသော သင်ခန်းစာများကိုလည်း ရပ်ရွာအတွင်းရှိ လူငယ်များကို လက်ဆင့်ကမ်း မျှဝေသင်ကြားပေးစေလိုကြောင်း ဆွေးနွေး ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟက သင်တန်းတက်ရောက်သည့် ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ လေ့လာသင်ယူခဲ့ရသော အခြေခံမီးငြှိမ်းသတ်နည်းစနစ်များနှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးနည်းပညာများကို ကျွမ်းကျင်စေရန် အစဉ်အမြဲ လေ့ကျင့်သွားကြရန် ဆွေးနွေးမှာကြားသည်။
၎င်းနောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် တာဝန်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား ကိုယ်စားလှယ်တစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ဇန်နဝါရီ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ အခြေခံမီးငြှိမ်းသတ်နည်းပညာများ၊ သဘာဝဘေးအန္တရာယ် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် စစ်ရေးပြနည်းစနစ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းသို့ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၁၁)ရွာမှ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


