ပွင့်ဖြူ ၂၀ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် ပြည်သူများအား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်နှင့် ဝန်ထမ်းများက ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးရာတွင် ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးအောင်ဇော်တင့်က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများကို ကျေးရွာနေပြည်သူများအား အသိပညာပေး ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နဘဲကုန်းကျေးရွာရှိ အသက်(၁၈)နှစ်ပြည့်ပြီး၍ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၁၉ ဦးအား အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။

 

ပွင့်ဖြူမြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသူများအား ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်း စီမံချက်ကို ဇူလိုင် ၁၅ ရက်မှစတင်ကာ ဩဂုတ် ၃၁ ရက်နေ့အထိ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု (၅၆)အုပ်စုတို့တွင် ကွင်းဆင်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်ထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)