ပွင့်ဖြူ   ၃၁  ဇန်နဝါရီ      

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဆင်းပွဲကို ယနေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ် ဉယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရွှေဘိုရွာမ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 

1

           

သင်တန်းဆင်းပွဲတွင် မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဦး က သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ယခုဖွင့်လှစ်သည့် သင်တန်းသည် ကျေးလက်နေ အမျိုးသမီးများ အိမ်တွင်းမှုလုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိစေရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ တက်ရောက်သင်ယူခဲ့ကြသည့် သင်တန်းသားများအနေဖြင့် မိမိတို့ လေ့လာသင်ယူခဲ့ရသော အခြေခံစက်ချုပ်နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်ပြီး ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

 

၎င်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား ကိုယ်စားလှယ်တစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

9

 

အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ် ဉယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရွှေဘိုရွာမကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ စက်ချုပ်ပညာရပ် စိတ်ဝင်စားသည့် သင်တန်းသူ ၃၀ တက်ရောက်သင်ကြားခဲပြီး ဇန်နဝါရီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ အမျိုးသားဝတ် တီရှပ်လက်တိုလက်ရှည် ချုပ်နည်းများ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ၊ ရင်စိ အင်္ကျီချုပ်နည်းများနှင့် ဘောင်းဘီတို၊ ဘောင်းဘီရှည် ချုပ်နည်းများကို စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။   

 

ရဲဝင်းနိုင် ( ညောင်ဦး )