ပွင့်ဖြူ ၁ အောက်တိုဘာ       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် တတိယ အကြိမ်မြောက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ယခင်က မဲရုံပေါင်း (၁၆၀)ဖြင့် ကျင်းပပြုလုပ် သွားရန် စီစဉ်ထားရှိသော်လည်း မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် မဲရုံ(၃)ရုံအား တိုးချဲ့၍ စုစုပေါင်း မဲရုံ(၁၆၃)ရုံဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စုနှင့် ကျေးရွာပေါင်း (၂၀၄)ရွာ ရှိပြီး မဲပေးပိုင်ခွင့် ရှိသူ မဲဆန္ဒရှင်ဦးရေမှာ စုစုပေါင်း ၁၃၃၉၀၀ ဦးကျော် ရှိကြောင်း သိရပြီး ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ မိမိအမည် မဲစာရင်းတွင် ပါဝင်ခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးနိုင်ရန် ကပ်ထားကြေညာ ပေးလျက်ရှိကြောင်း သိရသည်။ 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်အနေနဲ့ ယခု ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မဲ့ တတိယအကြိမ် မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခင်က မဲဆန္ဒနယ်မြေ(၁)မှ မဲရုံ(၈၆)ရုံ နဲ့ မဲဆန္ဒနယ်မြေ(၂)မှာ မဲရုံ (၇၄)ရုံ ၊ စုစုပေါင်း မဲရုံ(၁၆၀)ကို လျာထားစီစဉ်ထားရှိရာမှ ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနဲ့ အညီ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် မဲဆန္ဒနယ်မြေ(၁)မှာ မဲရုံ(၃)ရုံကို တိုးချဲ့စီစဉ်ထားလို့ ယခုဆိုရင် မဲရုံစုစုပေါင်း (၁၆၃)ရုံ စီစဉ်ဆောင်ရွက်ထားပါတယ်။ ယခု ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း တွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတွေမှာရှိတဲ့ မဲရုံတွေမှာ စက်တင်ဘာ ၁ ရက် ယနေ့နံနက်ပိုင်း ကစပြီး ကပ်ထားကြေညာပေးထားပါတယ်။ နောက်ပြီး ကျွန်တော်တို့ မြို့နယ်အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ အခွင့်အရေး မဆုံးရှုံးစေဖို့ မဲဆန္ဒရှင်ပြည်သူတွေ မဲစာရင်းမှာ ပါ ၊ မပါ ကြည့်ရှုဖို့ အတွက်ကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက် ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲရုံးတွေကို နေ့စဉ် အသံချဲ့စက်တွေနဲ့ အသိပေး နှိုးဆော်တာတွေ ဆောင်ရွက်ပေးသွားဖို့ကိုလည်း ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ မဲစာရင်းကပ်ထားကြေညာပေးခြင်း လုပ်ငန်းကို တော့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ၁၄ ရက်နေ့ အထိ ကပ်ထား ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ယခု ဒုတိယအကြိမ် ကပ်ထားကြေညာပေးထားတဲ့ မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသော ပြည်သူတွေ မကျန်ရှိစေဖို့ အတွက်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားထားတဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားတာဖြစ်လို့ မဲဆန္ဒရှင်ပြည်သူအနေနဲ့ မဲစာရင်းမှာ မိမိတို့အမည် ပါ၊ မပါကို မဖြစ်မနေ လာရောက် ကြည့်ရှုကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဌ ဦးအောင်စန်းမြင့် က ပြောသည်။   

ရဲဝင်းနိုင် (ညောင်ဦး)