ပွင့်ဖြူမြို့နယ်၌ ဘူးသီးစိုက် တောင်သူများ အသီးဈေးထက် အညွန့်ဈေးကောင်း၍ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ၊  ၁၀    ဒီဇင်ဘာ       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် ဒေသခံတောင်သူများ မုန်းချောင်းရေနှင့် မြေအောက်ရေကို အသုံးချပြီး ဟင်းသီးဟင်းရွက်စားပင် သီးနှံမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ အဆိုပါစီးပွားဖြစ်စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်စားပင် သီးနှံများတွင် ဘူးသီးစိုက်ပျိုးရေးလုပ်ငန်းမှာ ဈေးကွက်တွင် အသီးဈေးနှုန်းထက် အညွန့်ခူး၍ ရောင်းချခြင်းက တောင်သူများအတွက် ပိုမိုတွက်ချေကိုက်ကာ လုပ်ငန်း အဆင်ပြေနေကြကြောင်း သိရသည်။

ဘူးသီးစိုက်ပျိုးရေးလုပ်ငန်းသည် ပင်ပြန့်စိုက်ပျိုးနည်းနှင့် စင်ထိုး၍ စိုက်ပျိုးနည်း ဟူ၍ နှစ်မျိုးရှိကြောင်း၊ ပင်ပြန့်စိုက်ပျိုးပါက အသီးသီးရာတွင် ဖြစ်ထွန်းမှုနည်းပြီး စင်ထိုး၍ စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက ပိုမိုအောင်မြင်ဖြစ်ထွန်းမှုရှိကာ အသီးများပို၍သီးကြောင်း သိရသည်။ ဟင်းသီးဟင်းရွက်စားပင် သီးနှံစိုက်ပျိုးရေး လုပ်ငန်းမှာ အခြားသီးနှံများထက် နေ့စဉ်ဝင်ငွေ ရရှိသည့်အတွက် တောင်သူများက ဟင်းသီးဟင်းရွက်စားပင် သီးနှံစိုက်ပျိုးခြင်းကို အားထားစိုက်ပျိုးကြကြောင်း၊ ဘူးသီးစိုက်ပျိုးရေး လုပ်ငန်းသည် စိုက်ပျိုးပြီး နှစ်လကြာပါက အသီးနှင့် အညွန့်များကို ဆွတ်ခူးရောင်းချရကြောင်း၊ လက်ရှိတွင် ဈေးကွက်၌ ဘူးသီးတစ်လုံးလျှင် ငွေကျပ် ၅၀၀ နှုန်း ရောင်းချရပြီး၊ ဘူးညွန့်တစ်ညွန့်လျှင် ၁၅ ကျပ်နှုန်း ရောင်းချ နေရသဖြင့် စီးပွားရေး တွက်ချေကိုက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊  ညောင်ကုန်းကျေးရွာမှ ဟင်းသီးဟင်းရွက်စားပင်သီးနှံ စိုက်ပျိုးလုပ်ကိုင်သူ ကိုသန်းဌေးအောင် က ပြောသည်။

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ အဆင်ပြေမှုနှင့် ရာသီဉတု မျှတကောင်းမွန်မှုကြောင့် အညာ ကျေးလက်ဒေသများရှိ ဒေသခံတောင်သူများသည် မိသားစု စားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စားပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ်တွင် ဘူးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အသီးဈေးထက် အညွန့်ဈေးနှုန်း ကောင်းသည့်အတွက် ဘူးသီးနှံစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ရဲဝင်းနိုင် ( ပြန်/ဆက် )