ပွင့်ဖြူ ၇ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံသိမ်းဆည်းပြီးချိန်တွင် ကျေးလက်နေတောင်သူများ ဆောင်းသီးနှံအဖြစ် ကုလားပဲသီးနှံကို စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး သီးနှံပေါ်ချိန်တွင် ဈေးကောင်းရရန် မျှော်လင့်လျက် ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံကုလားပဲစိုက်ပျိုးခြင်းကို မိုးစပါးသီးနှံသိမ်းဆည်းပြီးချိန် စပါးစိုက် လယ်မြေများနှင့် မုန်းချောင်းတစ်လျှောက် မြေနုကျွန်းနှင့် ကိုင်းမြေများတွင် အများဆုံး စိုက်ပျိုးကြကြောင်း ၊ ကုလားပဲသီးနှံနှင့်အတူ သီးညှပ်အဖြစ် နေကြာသီးနှံ ရောနှောစိုက်ပျိုးမှုများလည်း ရှိကြောင်းသိရကာ ယခုနှစ်တွင် တောင်သူများ စိုက်ပျိုးသည့် ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းလျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ကုလားပဲစိုက်ပျိုး တောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဟာ စိုက်ပျိုးရေ ပေါကြွယ်ဝမှုနှင့် ရေမြေသဘာဝ ရာသီဉတု မှန်ကန် ကောင်းမွန်မှုကြောင့် တောင်သူတွေ သီးနှံစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းကြပါတယ်။ ယခုအချိန်ကတော့ မုန်းချောင်းရေကို အမှီပြုပြီး ကိုင်းမြေ ၊ ကျွန်းမြေများနှင့် မိုးစပါးသိမ်းဆည်းပြီးတဲ့ လယ်မြေတွေမှာ တောင်သူအများစု ဆောင်းသီးနှံကုလားပဲကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကုလားသီးနှံစိုက်ပျိုးရာတွင် အချို့သော တောင်သူများက သီးညှပ်အဖြစ် နေကြာသီးနှံကို ရောနှော စိုက်ပျိုးကြပါတယ်။ ဒါ့အပြင် နေ့စဉ်မိသားစုအပိုဝင်ငွေရရှိတဲ့ ဟင်းသီးဟင်းရွက်သီးနှံတွေဖြစ်တဲ့ ငရုတ် ၊ ကြက်သွန် ၊ နံနံပင် ၊ ပြောင်းဖူး ၊ ခရမ်းချဉ် ၊ မုန်ညင်းစိမ်း ၊ ပန်းမုန်လာ ၊ မုန်လာဉဖြူ ၊ ကန်စွန်းရွက် ၊ ချဉ်ပေါင်ရွက်နဲ့ ဘုရားပန်းတွေဖြစ်တဲ့ မေမြို့ပန်း ၊ ကံ့ကော်ပန်း ၊ သပြေပန်း ၊ နှင်းပန်း ၊ ငှက်ပျော စသဖြင့် စိုက်ပျိုးကြပါတယ်။ ကျွန်တော်တို့က ဆောင်းသီးနှံဖြစ်တဲ့ ကုလားပဲ၊ နေကြာနှင့် စားပင်သီးပင် နည်းနည်းပါးပါး စိုက်ပျိုးပါတယ်။ ကုလားပဲဈေးနှုန်းက လက်ရှိမှာတော့ သီးနှံမပေါ်သေးတဲ့အတွက် ဈေးနှုန်းအတိအကျ မသိရသေးပါဘူး။ မနှစ်ကတော့ ဆောင်းသီးနှံကုလားပဲ စိုက်ခင်းတွေ သိမ်းဆည်းချိန်မှာ တစ်တင်းကို ငွေကျပ် ၂၅၀ဝ၀ လောက် ရောင်းချရပါတယ်။ စိုက်ပျိုးတဲ့ အချိန်တုန်း ကတော့ တစ်တင်းကို ငွေကျပ် ၃၀ဝ၀ဝ နှုန်း ဝယ်ယူစိုက်ပျိုးရပါတယ်။ ဒီနှစ်မှာ တောင်သူများ စိုက်ပျိုးတဲ့ ဆောင်းသီးနှံကုလားပဲ သီးနှံစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် ဈေးကောင်းရဖို့အတွက်ပဲ မျှော်လင့်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ကုလားပဲ စိုက်ပျိုးတောင်သူ ဦးကျော်စန်းက ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )