ပွင့်ဖြူ၊ ၄ ဒီဇင်ဘာ     

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၀- ၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ဒီဇင်ဘာ  ၄  ရက်  နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများ လက်ဝယ်အရောက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော်ထံမှ သိရသည်။

 

အဆိုပါ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးချေးပေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော်က တောင်သူများအနေဖြင့် ချေးငွေများ ထုတ်ချေးရာတွင် တောင်သူ လုပ်ငန်းခွင်အတွက် အကျိုးရှိရှိ စနစ်တကျ သုံးစွဲကြစေလိုကြောင်းနှင့် ချေးငွေပြန်လည် ပေးဆပ်ရာတွင်လည်း သတ်မှတ်ကာလအတွင်း အချိန်မီ ပေးဆပ်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တာဝန်ခံမြို့နယ် ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများအဖွဲ့က ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ လာရောက် ထုတ်ချေးသည့် ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာအုပ်စုမှ တောင်သူ(၅၄)ဦးအား ဆောင်းသီးနှံ ကုလားပဲ ဖြူလုံးကြီး ၃၁၉ ဧက  စိုက်ပျိုးရန်အတွက် တစ်ဧကလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ထုတ်ချေးငွေကျပ် ၃၁၉ သိန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လက်ဝယ်အရောက် စနစ်တကျထုတ်ချေး ပေးခဲ့ကြသည်။

 

ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရန် ငွေကျပ် သိန်း(၄၀၀) လျာထားစီစဉ် ဆောင်ရွက်ထားရှိကြောင်း၊ ချေးငွေထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု(၂)အုပ်စုမှ တောင်သူ ၆၂ ဦးအား ဆောင်းသီးနှံ ကုလားပဲဖြူလုံးကြီး စိုက်ဧက (၃၄၈)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ချေးငွေ ၃၄၈ သိန်း ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်အတွင်းရှိ ချေးငွေထုတ်ချေးရန် ကျန်ရှိသည့် ပေါက်ကုန်းကျေးရွာမှ တောင်သူ(၈)ဦးကိုလည်း ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော်က ပြောကသည်။  

ရဲဝင်းနိုင်(ပြန်/ဆက်)