ပွင့်ဖြူ ၁၈ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ် အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးကြမည့်တောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရန်အတွက် ငွေကျပ် သိန်း(၄၀၀) လျာထား ရှိကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော် ထံမှ သိရသည်။

 

အဆိုပါ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ လက်ဝယ်အရောက် အဆင်ပြေစွာ ထုတ်ချေးပေးနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိပြီး ထုတ်ချေးပေးရမည့် ဆောင်းသီးနှံစိုက်ပျိုးတောင်သူများမှာ ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာနှင့် ပေါက်ကုန်းကျေးရွာတို့ ဖြစ်ပြီး ဆောင်းသီးနှံကုလားပဲဖြူလုံးကြီး စိုက်ဧက ၃၅၆ ဧက အတွက် ထုတ်ချေးပေးရန် လျာထားရှိကြောင်း သိရသည်။

 

"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေနဲ့ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှာ မြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးကြမယ့် တောင်သူတွေကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးဖို့ လျာထားစီစဉ်ဆောင်နေပါတယ်။ ချေးငွေထုတ်ချေးမှုအနေနဲ့ကတော့ ဆောင်းသီးနှံစိုက်ပျိုးမည့်ကျေးရွာက လက်ရှိမှာ ကျေးရွာ(၂)ရွာထဲ ရှိပါသေးတယ်။ အဲဒီကျေးရွာတွေကတော့ ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာနဲ့ ပေါက်ကုန်းကျေးရွာ ဖြစ်ပါတယ်။ တောင်သူဦးရေ အနေနဲ့ဆိုရင်တော့ ၇၀ ရှိပြီး စိုက်ဧကအနေနဲ့က ဆောင်းသီးနှံကုလားပဲဖြူလုံးကြီး စိုက်ပျိုးဧက (၃၅၆)ဧက ရှိပါတယ်။ အဲဒီအတွက် ချေးငွေထုတ်ချေးပေးဖို့ လျာထားငွေကတော့ ငွေကျပ် သိန်း(၄၀၀) လျာထားပါတယ်။ တောင်သူတွေ ဆောင်းသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေတွေကို ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော်က ပြောကြားသည်။

 

 ရဲဝင်းနိုင် (ညောင်ဦး)