ပွင့်ဖြူ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံပြည်သူများ ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အခက်အခဲမရှိ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိစေရေးအတွက် စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် ဦးဆောင်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်(၇)ဆိုင်သို့ သွားရောက်ကာ ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ / မရှိ နှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ရောင်းချခြင်း ရှိ / မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ဆေးဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးပစ္စည်းများ ဝယ်ယူရာတွင်အခက်အခဲ မဖြစ်စေရေးအတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးရှင်းလင်းခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကျန်းမာသက်ရှည်စွာ နေထိုင်သွားနိုင်ရေးအတွက် လိုအပ်သော ဆေးဝါးပစ္စည်းများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ယခုကဲ့သို့ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


