ပွင့်ဖြူ ၂ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် ဆိတ်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုဝင်ဘာ ၁ ရက်၊ နံနက် ၁၁ နာရီခွဲက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူထားရှိသည့် ဆိတ်အကောင်ရေ (၁၈၁) ကောင်အား သံချရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပျောက်ဆုံးမှုမရှိစေရေး Ear Tag (နားကပ်တပ်ခြင်း) များကို ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး က ကျေးလက်နေပြည်သူများအား တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ဆိတ်မွေးမြူရေး နည်းစနစ်များနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နည်းစနစ်များ၊ မွေးမြူရေးခြံ သန့်ရှင်းရေး ဆောင်ရွက်ရန် နည်းလမ်းများနှင့် သားလျှောရောဂါမဖြစ်ပွားစေရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများအဖွဲ့က ဖလံကျင်း ကျေးရွာရှိ လူထုတိရစ္ဆာန်ကျန်းမာရေး လုပ်သားများနှင့် ပူးပေါင်း၍ ကျေးရွာနေပြည်သူများ မွေးမြူထားရှိသော ဆိတ်အကောင်ရေ (၁၈၁)ကောင်အား သံချရောဂါ၊ အဆုတ်ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ ဆီးနှင့် ကျောက်ကပ်ရောဂါ၊ သားလျှောရောဂါ၊ သွေးအားနည်းရောဂါများ မဖြစ်ပွားစေရေး ကာကွယ်ဆေးများ ထိုးနှံပေးပြီး ဆိတ်တစ်ကောင်ချင်းစီ၏ ကျန်းမာရေးနှင့် အထွေထွေ စစ်ဆေးမှု လွယ်ကူစေရန် Ear Tag (နားကပ်တပ်ခြင်း)များ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး ထံက သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


