ပွင့်ဖြူ ၇ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေ အပြည့်အဝ ရရှိနိုင်ရေး မြို့နယ်အတွင်းရှိ ဆည်ရေပေးဝေနေသည့် လက်တံမြောင်းများအား အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်သွားရန်အတွက် အောက်တိုဘာ ၇ ရက်၊ ယနေ့ နံနက် ၆ နာရီက မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (တိုင်းတာရေးရုံး) မှ ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ပြည့်မိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့နှင့် ပူးပေါင်းပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေပို့လွှတ်သည့် တောင်မုန်းမြောင်းလက်တံအမှတ် - ၄ မှ စတင်ကာ ကနဦး Level Survey တိုင်းတာခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်နေကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့မှတဆင့် လယ်ယာစိုက်ခင်းများအရောက် စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေပေးဝေနေသည့် ရေလက်တံမြောင်းများမှာ နှစ်ကာလကြာမြင့်လာပြီဖြစ်သည့်အတွက် ပြန်လည်ပြုပြင်ရန် လိုအပ်နေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ (အငြိမ်းစားဝန်ထမ်း) ဦးတင်မောင်ငွေ ထံမှ သိရသည်။
မြို့နယ်အတွင်း စိုက်ပျိုးရေအပြည့်အဝ ဖြန့်ဝေပေးနိုင်ရေးအတွက် ပြန်လည်ပြုပြင်ရန်လိုအပ်နေသည့် တောင်မုန်းမြောင်း လက်တံအမှတ်(၄) အစအဆုံးအား ရေစီးဆင်းမှုပိုမိုကောင်းမွန်ရေးအတွက် အဆင့်မြှင့်တင်ပြုပြင် ဆောင်ရွက်ပေးနိုင်ရန် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ပြည့်မိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့နှင့် မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(တိုင်းတာရေးရုံး)မှ ဝန်ထမ်းများ အဖွဲ့က ကနဦး Level Survey တိုင်းတာခြင်းလုပ်ငန်းကို အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကာ ကွင်းဆင်းတိုင်းတာ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ယခု ကွင်းဆင်းတိုင်းတာမှု အဖြေများကို ရုံးချုပ်သို့ ဆက်လက်ပေးပို့ တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ရုံးချုပ်မှ ပြန်လည်ပြုပြင်ရန် လုပ်ငန်းအတည်ပြုချက်ရရှိပါက အကောင်အထည်ဖော် ပြုပြင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ပြည့်မိုး ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


