ပွင့်ဖြူ အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူက ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးရန်အတွက် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများ ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရကာ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ကုလားပဲသီးနှံဧက ၂၁၈၄၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ဆောင်းသီးနှံ ကုလားပဲစိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်နှင့် အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)မှ ကုလားပဲသီးနှံ မျိုးကောင်းမျိုးသန့် ရေဆင်း(၆)နှင့် ရေဆင်း(၁၂) မျိုးစေ့များကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (မြေ၊ မျိုး၊ ပိုး) တာဝန်ခံဝန်ထမ်းများကလည်း ဒေသတွင်းရှိ တောင်သူများ ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးရာတွင် တစ်ဧက သီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေး မြေဆီလွှာကောင်းမွန်စေရန် လုပ်ဆောင်ရမည့်နည်းစနစ်များ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရန်နည်းလမ်းများနှင့် အခြေခံသီးနှံစိုက်ပျိုးနည်းစနစ်များကို ကွင်းဆင်းပညာပေးခြင်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
"ကျွန်တော်တို့ မြို့နယ်က ဒေသခံတောင်သူတွေဟာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်းသီးနှံတွေဖြစ်တဲ့ ကုလားပဲ၊ နေကြာ၊ ထောပတ်ပဲသီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်နေကြပါတယ်။ အဲဒီလိုစိုက်ပျိုးရာတွင် သီးနှံအလိုက် တစ်မြို့နယ်လုံး သတ်မှတ်လျာထားဧက ပြည့်မီစေဖို့နဲ့ သီးနှံအထွက်နှုန်းကောင်းမွန်ပြီး တောင်သူတွေ ဝင်ငွေတိုးပွားစေဖို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကိုလည်း ကျွန်တော်တို့ တောင်သူတွေကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော်မှ ကွန်ပေါင်းဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာနဲ့ ဖြန့်ဖြူးရောင်းချပေးတဲ့အတွက် ဆောင်းသီးနှံများစိုက်ပျိုးရန်အတွက် အဆင်ပြေပါတယ်ဗျ။ နောက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ဆောင်းသီးနှံအတွက် မျိုးကောင်းမျိုးသန့် ကုလားပဲမျိုးစေ့ ရေဆင်း-၆ နဲ့ ရေဆင်း-၁၂ မျိုးများကို လုံလောက်စွာ ဖြန့်ဖြူးရောင်းချပေးလို့ တောင်သူတွေအတွက် အဆင်ပြေပါတယ်။ ခုဆိုရင် ကျွန်တော်တို့ ဒေသခံတောင်သူတွေ ဆောင်းသီးနှံနေကြာ၊ ထောပတ်ပဲများကို စတင်စိုက်ပျိုးနေကြပြီဖြစ်သလို ကုလားပဲသီးနှံစိုက်ပျိုးဖို့အတွက်ကိုလည်း မြေယာထွန်ယက်ပြုပြင်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာမှ ဆောင်းသီးနှံ စိုက်ပျိုးမည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)