ပွင့်ဖြူ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ဒေသခံ ကျေးလက်နေတောင်သူများက ဆောင်းသီးနှံနေကြာများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရကာ ဆောင်းနေကြာသီးနှံ ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး သီးနှံဝင်ငွေ ပိုမိုရရှိသည့်အတွက် ဒေသခံတောင်သူများက မိုးနေကြာနှင့် ဆောင်းနေကြာ သီးနှံစိုက်ပျိုးရေးကို ယခုနှစ်တွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြသည်။ ဒေသတွင်းရှိ တောင်သူများ နေကြာသီးနှံ စိုက်ပျိုးရာ၌ တောင်သူ တစ်ဦးချင်းအလိုက် တစ်ဧက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ် ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ရည်ရွယ်၍ ဆောင်းနေကြာ သီးနှံစိုက်ဧက ၂၆၇၅၅ ဧကလျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်လျာထားဧက ပြည့်မီစေရေးအတွက် ဒေသခံတောင်သူများက အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ဆောင်းနေကြာသီးနှံကို ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်နေကြကြောင်းနှင့် ယခုလက်ရှိတွင် ဆောင်းနေကြာ သီးနှံဧက ၂၂၅ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)