ပွင့်ဖြူ   ၃  စက်တင်ဘာ   

 

ဒီဂျစ်တယ်သတင်းနှင့် သက်ဆိုင်သော သိနားလည်ခြင်းဆိုင်ရာ လေ့ကျင့်မှု သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ယောစုကျေးရွာရှိ ရောင်ခြည်သစ်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် ပွင့်ဖြူမြို့နယ် ပွင့်သာမြေ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ အသင်းဝင် စာရေးဆရာမ ဟင်္သာမြေ သက်ထားဝေက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာစာပေဖွံ့ဖြိုးရေး ပံ့ပိုးကူညီမှုနှင့် လူမှုကူညီရေး ပရဟိတအသင်း(MBAPF)မှ သင်တန်းနည်းပြဆရာ ဦးမိုးကျော်ကျော်က သင်ကြားပို့ချပေးသည့်  ဒီဂျယ်တယ်သတင်းနှင့် သက်ဆိုင်သော သိနားလည်ခြင်းဆိုင်ရာ ဘာသာရပ်များကို လက်တွေ့အသုံးချ ဆောင်ရွက်ကြစေလိုကြောင်းနှင့် မိမိတို့ ကျောင်းစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ သင်တန်းသားများကိုယ်စား ပွင့်ဖြူမြို့နယ် လယ်မကျေးရွာ(အ.ထ.က-ခွဲ)မှ ဆရာဦးဝင်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး  စာရေးဆရာမ ဟင်္သာမြေ သက်ထားဝေနှင့် တာဝန်ရှိသူများက သင်တန်းတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းနည်းပြဆရာများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

သင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း သင်တန်းသား ၅၉ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် ကွန်ပျူတာ စနစ်တကျ ကိုင်တွယ်အသုံးပြုနည်းများ ၊ E-Mail & You Tube အသုံးပြုပုံ နည်းစနစ်များ၊ Power Point & Excel ပြုလုပ်နည်းစနစ်များ၊ အွန်လိုင်းမီဒီယာနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ ဒီဂျစ်တယ်စနစ်ဖြင့် သတင်းအသုံးပြု နည်းစနစ်များ၊ ဒီဂျစ်တယ်သတင်းများ သိနားလည်မှုဆိုင်ရာ အကြောင်းအရာများနှင့် မိုဘိုင်းဖုန်းဖြင့် စာကြည့်တိုက်လုပ်ငန်း ချိတ်ဆက် ဆောင်ရွက်ခြင်းများကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပွင့်သာမြေ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းနှင့် မြန်မာစာပေဖွံ့ဖြိုးရေး ပံ့ပိုးကူညီမှုနှင့် လူမှုကူညီရေး ပရဟိတအသင်း(MBAPF) တို့ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


ရဲဝင်းနိုင် (ညောင်ဦး)