ပွင့်ဖြူ ၁၆ ဇွန်     

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာအုပ်စု မြင်းခြံစုကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု ထူးကျေးရွာနှင့် ပေါက်ကုန်း ကျေးရွာအုပ်စု ကျောင်းစုကျေးရွာ၊ ဇီးကျွန်းကျေးရွာတို့တွင် လူနေအိမ်(၄၅)လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

 

အဆိုပါ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ်အရှေ့လေးအိမ်ကျေးရွာအုပ်စု မြင်းခြံစုကျေးရွာတွင် လူနေအိမ်(၃၂)လုံး၊ နန်းတော်ကျွန်းကျေးရွာအုပ်စု ထူးကျေးရွာတွင် လူနေအိမ်(၈)လုံး၊ ပေါက်ကုန်းကျေးရွာအုပ်စု ဇီးကျွန်းကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ကျောင်းစုကျေးရွာတွင် (၄)လုံး စုစုပေါင်း လူနေအိမ်(၄၅)လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

 

လူနေအိမ်များ ပြောင်းရွှေ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် ကျေးရွာများရှိ လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် အခြားနှင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)