ပွင့်ဖြူ       ၂၁     ဖေဖော်ဝါရီ         

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကျောင်းစုကျေးရွာ ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ထူးကျေးရွာ ၊ အရှေ့လေးအိမ်ကျေးရွာအုပ်စု ၊ မြင်းခြံစုကျေးရွာတို့တွင် ဖေဖော်ဝါရီ ၁၉ ရက် ၊ နံနက် ၁၀ နာရီက ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်(၄၁)လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။ 


အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကျောင်းစုကျေးရွာတွင် လူနေအိမ် ၉ လုံး ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု ၊ ထူးကျေးရွာတွင် လူနေအိမ် ၁၆ လုံး ၊ အရှေ့လေးအိမ်ကျေးရွာအုပ်စု ၊ မြင်းခြံစု ကျေးရွာတွင် လူနေအိမ် ၁၆ လုံး ၊ စုစုပေါင်း လူနေအိမ် ၄၁ လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းပူးပေါင်း၍ လူနေအိမ်များနှင့် ကျွဲနွား တိရစ္ဆာန်များကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရပြီး ၊ အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။ 


ထိုသို့ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရသည့် လူနေအိမ်များအား ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဉတ္တမခန်းမတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် ၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်သန်းသန်းစိုး (ဦးစီးမှူး)နှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်နှင့် ပက်သက်ပြီး ပြည်သူများ အန္တရာယ်ကင်းဝေး စေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို ပညာပေးဆွေးနွေး ပြောကြားပြီး ၊ ကမ်းပါးပြိုဘေးသင့် အိမ်ထောင်စု (၄၁)စု အတွက် တစ်အိမ်လျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းနှင့် ဘေးသင့်အိမ်စုဝင် ၁၇၇ ဦးအတွက် စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၃၇၁၇၀ဝ ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၄၄၇၁၇၀ဝ အား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။   

ရဲဝင်းနိုင်(ညောင်ဦး)