ပွင့်ဖြူ ၁၅ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာ ၁၅ ရက် နံနက် ၈ နာရီက ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှကျေးရွာ၊ ဇီးကျွန်းကျေးရွာနှင့် ကျောင်းစုကျေးရွာတို့မှ ကမ်းပါးပြိုဘေးသင့် အိမ်ထောင်စု(၃၆)စုအား တွေ့ဆုံ၍ လူနေအိမ်များ ပြောင်းရွှေ့ရမှုအတွက် ထောက်ပံ့ငွေများ ပေးအပ်ကာ အားပေးစကားပြောကြားခဲ့သည်။
ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ဝိုင်းဝန်းကူညီရွှေ့ပြောင်းပေးနေမှု အခြေအနေများကို ကြည့်ရှုပြီး ပြည်သူများ အခက်အခဲမဖြစ်စေရေးအတွက် စနစ်တကျ ကူညီရွှေ့ပြောင်းပေးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာမှ အိမ်ထောင်စု (၃၀)စု၊ ကျောင်းစုကျေးရွာမှ အိမ်ထောင်စု (၅)စု၊ ဇီးကျွန်းကျေးရွာမှ အိမ်ထောင်စု (၁)စု စုစုပေါင်း အိမ်ထောင်စု (၃၆)စုအတွက် အိမ်ထောင်စုတစ်စုလျှင် လူနေအိမ်ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေကျပ် (၁)သိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၆)သိန်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အပြင် မကွေးမြို့၊ အောင်ပဒေသာ ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ကို မိသားစုက ကမ်းပါးပြိုဘေးသင့်သော အိမ်ထောင်စု (၃၆)စုအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းကို လည်းကောင်း၊ ပွင့်ဖြူမြို့ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် ထမင်းထုပ် (၃၅၀)ထုပ်အား လည်းကောင်း အသီးသီး ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရာတွင် မြေနေရာအခက်အခဲရှိသည့် အိမ်ထောင်စုဝင်များ အဆင်ပြေစွာ ရွှေ့ပြောင်းနိုင်ရေးအတွက် တာဝန်ရှိသူများက မြေနေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


