ပွင့်ဖြူ ၇  အောက်တိုဘာ       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၅ ရက်နေ့ နံနက်ပိုင်းကစတင်ကာ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီး ကျေးရွာများတွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာရှိ ဒေသခံ ပြည်သူများထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ ကူကြီးကျေးရွာ၊ သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ကျောင်စုကျေးရွာ၊ ကံလှ၊ ပေါက်ကုန်း၊ ဇီးကျွန်း၊ ငှက်တော်ကုန်း၊ ကျွန်းကလေး၊ ဘိဇပ်ခုံ စသည့် ကျေးရွာများမှာ ဧရာဝတီမြစ်ကမ်းဘေးအနီး ကျေးရွာများဖြစ်ကာ ယခုကဲ့သို့ မြစ်ရေတက်ချိန်များတွင် ကျေးရွာအတွင်းသို့ မြစ်ရေများ ဝင်ရောက်လေ့ရှိကြောင်း သိရသည်။ ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် မြစ်ရေဝင်ရောက်ခဲ့မှုကြောင့် မြစ်ရေဝင်သည့်ကျေးရွာများမှ တောင်သူအချို့က မိမိတို့ မွေးမြူထားသော ကျွဲနွားတိရစ္ဆာန်များကို မြစ်ရေမဝင်ရောက်သည့် ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့ ထားကြကြောင်း သိရသည်။ အဆိုပါ မြစ်ရေ ဝင်ရောက်မှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်းနှင့် လူနေအိမ်ပြောင်းရွှေ့ရခြင်းမျိုး မရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ တတိယအကြိမ် ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးအနီး ကျေးရွာတွေဖြစ်တဲ့ နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်း ကျေးရွာနှင့် မြင်းခြံစုကျေးရွာ ကူကြီးကျေးရွာ၊ သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ကျောင်စုကျေးရွာ၊ ကံလှ၊ ပေါက်ကုန်း၊ ဇီးကျွန်း၊ ငှက်တော်ကုန်း၊ ကျွန်းကလေး၊ ဘိဇပ်ခုံ စသည့် ကျေးရွာများမှာ မြစ်ရေဝင်ရောက်မှုတွေ ရှိနေပါတယ်။ ဧရာဝတီမြစ်ရေ မြင့်တက်မှုအနေနဲ့က ပုံမှန်အတိုင်း တိုးတာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။ မြစ်ရေဝင်ရောက်တဲ့အတွက် အချို့ကျေးရွာတွေမှာတော့ ဒေသခံ ပြည်သူများက မွေးမြူထားတဲ့ ကျွဲနွားတိရစ္ဆာန်တွေကို မြစ်ရေမဝင်ရောက်တဲ့ ကုန်းမြင့်နေရာ တွေမှာ ရွှေ့ပြောင်းထားကြပါတယ်။ ဒါ့အပြင် အချို့မိုးစပါးလယ်မြေတွေလည်း ရေဝင်ရောက်မှုတွေ ရှိခဲ့ပါတယ်။ တစ်ခြား လူနဲ့ တိရစ္ဆာန်တွေတော့ ထိခိုက်မှုတွေ မရှိပါဘူး ဟု နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူ ကိုမိုးနန်းဝေ က ပြောသည်။ 

ရဲဝင်းနိုင် (ပြန်/ဆက်)