ပွင့်ဖြူ  ၁၆ ဇန်နဝါရီ       

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်ခြင်း အခမ်းအနားနှင့် စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးအောင်ဇော်တင့် က မြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာနဲ့ ကောက်ယူပြီးစီးခဲ့သည့်အတွက် မိမိအနေဖြင့် စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက် ခဲ့ကြသူများကို ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် ဂုဏ်ပြုလက်ဆောင်များကိုလည်း ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်နှင့် တာဝန်ရှိသူများက ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် စာရင်းစစ်၊ စာရင်းကောက်သူ (၉)ဦးနှင့် ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို ယခုလ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ စာရင်းကောက်ကွက်မြေပုံ(၁၅)ခုအား ကွင်းဆင်းကောက်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ စာရင်များ ကောက်ယူရာတွင် ယခင်က ကောက်ယူခဲ့သည့် မေးခွန်းစာရွက် အသုံးပြုသည့်နည်းနှင့် ကောက်ယူခြင်းမျိုး မဟုတ်ဘဲ နိုင်ငံအများစုတွင် အသုံးပြုနေသည့် ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းစာရင်းကောက်ယူခြင်းနည်းစနစ် ဖြစ်သည့် CAPI (Computer Assisted Personal Interviewing) ဖြင့် ကောက်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ယခု ကြားဖြတ်လူဦးရေစာရင်းကောက်ယူလုပ်ငန်းသည် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် လူဦးရေသန်းခေါင် စာရင်းအချက်အလက်များ ပြောင်းလဲမှုကို နှိုင်းယှဉ်လေ့လာနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများ ကောက်ယူနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကောက်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးအောင်ဇော်တင့် ထံမှ သိရသည်။  

 ရဲဝင်းနိုင် (ညောင်ဦး)