ပွင့်ဖြူ ၊   ၂၄   ဒီဇင်ဘာ  

    

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ကာလအတွင်း ကျန်းမာသန့်ရှင်း လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်ထားသည့် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် (Home Garden) စိုက်ခင်း စိုက်ပျိုး ဆောင်ရွက်ထားရှိမှုအား  အောင်မြင်ဖြစ်ထွန်းမှု ရှိ/မရှိ ဒီဇင်ဘာ ၂၄ ရက်  နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် မုန်းနားစုကျေးရွာနှင့် ညောင်ပင်ရွာ ကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာအတွင်း သန့်ရှင်းလတ်ဆတ်သော တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် (Home Garden) စိုက်ခင်းအား ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်များနှင့် စိုက်ပျိုး နည်းစနစ်များကို အနီးကပ်ကြီးကြပ်၍ အကောင်အထည်ဖော် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးလှိုင်မြင့်ထံမှ သိရသည်။

 

ဒီဇင်ဘာ  ၂၄  ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် မုန်းနားစုကျေးရွာနှင့် ညောင်ပင်ရွာကျေးရွာတွင် ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ကာလ အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်သီးနှံ (Home Garden) စိုက်ပျိုး ဆောင်ရွက်ထားရှိမှုအား အောင်မြင်ဖြစ်ထွန်းမှု ရှိ/မရှိ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) စနစ်ဖြင့် စိုက်ပျိုးရာတွင် ရရှိလာမည့် အစားအစာဘေး အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အကျိုးကျေးဇူးများ၊ သီးနှံများ၏ အရည်အသွေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ သိကောင်းစရာများ ၊  လူမှုဘဝသာယာဝပြောရေးဆိုင်ရာများ ၊ အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် သီးနှံများ စိုက်ပျိုးခြင်းဖြင့် ကိုဗစ်-၁၉ ကာလတွင် ဈေးများရှိရာ လူစုလူဝေးများကို ရှောင်ရှားနိုင်ကာ စိတ်ပျော်ရွှင်ကျန်းမာစွာ အသက်ရှင်နေထိုင်သည့် အခွင့်အရေးများအကြောင်းကို ဒေသခံ ပြည်သူများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

 

ထို့နောက် ဒေသခံတောင်သူများက မိမိတို့၏ အိမ်ခြံဝန်းများတွင် စိုက်ပျိုးထားရှိသော ဟင်းသီးဟင်းရွက် သီးနှံ (Home Garden) စိုက်ပျိုးထားရှိမှုနှင့် ပတ်သက်ပြီး တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေး မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သီးနှံပင်များ အောင်မြင်ဖြစ်ထွန်းရေးအတွက် ကြိုတင်ကာကွယ်ရမည့် ပိုးမွှားရောဂါများနှင့် (Home Garden)စိုက်ပျိုးရေးနည်းစနစ်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်သီးနှံများ စားသုံးနိုင်ရေးအတွက် (Home Garden) စိုက်ပျိုးခြင်း အစီအစဉ်ကို ပွင့်ဖြူမြို့နယ် မုန်းနားစုကျေးရွာနှင့် ညောင်ပင်ရွာကျေးရွာ အပါအဝင် ကျေးရွာပေါင်း (၁၃)ရွာတွင် ခရမ်း ၊ ငရုတ် ၊ ကန်စွန်း ၊ ပန်းမုံလာ ၊ ဘိုစားပဲ ၊ ခဝဲ ၊ ဆလပ် ၊ ကိုက်လံ ၊ တိုင်ထောင်ပဲ ၊ ကြက်သွန် စသည့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက် ထားရှိကြောင်းနှင့် အဆိုပါ (Home Garden)စိုက်ခင်းများ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစေ့များ ပံ့ပိုးကူညီပေးသည့်အပြင် သီးနှံပင်များ အောင်မြင် ဖြစ်ထွန်းစေရေးအတွက်လည်း လိုအပ်သော စိုက်ပျိုးရေးနည်း ပညာများ အနီးကပ်ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်၏ ပြောပြချက်အရ သိရသည်။

 

 ရဲဝင်းနိုင် (ပြန်/ဆက်)