ပွင့်ဖြူ   ၉   အောက်တိုဘာ  

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကျွဲနွား တိရစ္ဆာန်များတွင် ခွါနာလျှာနာရောဂါ ကင်းဝေးစေရန်နှင့်   မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံတောင်သူများ၏ ကျွဲနွား တိရစ္ဆာန်များအား ခွါနာလျှာနာ ရောဂါကင်းဝေးရေး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကျွဲနွား တိရစ္ဆာန်များကို ခွါနာလျှာနာ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးရာတွင် ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးက ကျွဲနွားတိရစ္ဆာန်များတွင် ခွါနာလျှာနာ ရောဂါ ဖြစ်ပွားရခြင်းအကြောင်းနှင့် ခွါနာလျှာနာရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး လိုက်နာရန်အချက်များ ၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန်နည်းလမ်းများကို ပညာပေးဆွေးနွေး ပြောကြားသည်။

 

၁

 

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး ၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာရှိ ဒေသခံတောင်သူများ၏ ကျွဲ၊ နွားကောင်ရေ ၂၄၆ ကောင်အား ခွာနာလျှာနာရောဂါကာကွယ်ဆေးများ တစ်အိမ်တက်ဆင်း လိုက်လံထိုးနှံ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

၂

 

ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ယခု ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း လယ်လှကုန်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၃၆ ရွာအား ကွင်းဆင်းသွားရောက်ပြီး ကျွဲနွားကောင်ရေ စုစုပေါင်း  ၃၅၈၂ ကောင်အား ခွါနာလျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီးသွားပြီဖြစ်ကြောင်း သိရကာ ကျန်ရှိသည့်ကျေးရွာများမှ ဒေသခံ ပြည်သူများ မွေးမြူထားရှိသည့်ကျွဲနွားတိရစ္ဆာန်များကိုလည်း ခွါနာလျှာနာရောဂါ ကင်းဝေးစေရန် ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက ပြောပြ၍ သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )