ပွင့်ဖြူ ၊   ၁၃     ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များတွင် ဖြစ်ပွားတတ်သော ခွေးရူးရောဂါအန္တရာယ် ကင်းဝေးစေရန်၊ ဒေသခံပြည်သူများအား ခွေးရူးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆေးများ ထိုးနှံသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများက အိမ်မွေး ခွေး၊ ကြောင်များကို ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်အတွင်း ခွေးရူးရောဂါမဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးရာတွင် ဒေါက်တာသန့်ဇော်ထွေးက ခွေးရူးရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် အချက်များ၊ ခွေးရူးပြန်ရောဂါသည် ရောဂါလက္ခဏာပြလာသည်နှင့် တစ်ပြိုင်နက် လူကိုသေစေနိုင်သည့် ရောဂါဖြစ်ပြီး ခွေးရူးပြန်ခြင်းကို ကာကွယ်ဆေး ထိုးခြင်းဖြင့် ရာခိုင်နှုန်းပြည့် ကာကွယ်နိုင်မည်ဖြစ်ကာ ယင်းကာကွယ်ဆေးထိုးခြင်းဖြင့် လူမှုပတ်ဝန်းကျင်နှင့်တကွ ခွေးများ၏ ကျန်းမာရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

 

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် အနီးဝန်းကျင် ကျေးရွာများမှ  ခွေးကောင်ရေ ၄၀ အား ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးပြီး ခွေးရူးရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ပြန်/ဆက်)