ပွင့်ဖြူ   ၁၆   မတ်

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ယောစုကျေးရွာရှိ ခရမ်းညိုသီးစိုက်တောင်သူများ စိုက်ခင်းများအောင်မြင်ပြီး ဈေးကောင်းရသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

817

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ယောစုကျေးရွာမှာရှိတဲ့ ဒေသခံတောင်သူတွေက မုန်းချောင်းရေကိုအမှီပြုပြီး မုန်းချောင်းတစ်လျှောက်မှာရှိတဲ့ ကိုင်းမြေနဲ့ ကျွန်းမြေများမှာ ၁၂ လရာသီစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။ အခုနှစ်မှာ ကျွန်တော်တို့ကျေးရွာက တောင်သူအချို့ စမ်းသပ်စိုက်ပျိုးတဲ့ ခရမ်းညိုသီးစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းပါတယ်။ ဒီခရမ်းညိုသီးမျိုးကို တချို့ကလည်း သပြေခရမ်းညိုသီးလို့လည်း ခေါ်ကြပါတယ်။ တောင်သူအများစုစိုက်ပျိုးကြတဲ့ သီးနှံတွေထဲမှာ ခရမ်းညိုသီးကို စိုက်ပျိုးတဲ့တောင်သူက နည်းပါးတယ်။ ကျွန်တော်တို့ကျေးရွာမှာ ခရမ်းညိုသီးစိုက်ပျိုးတဲ့တောင်သူ လေးဦး၊ ငါးဦးလောက်ပဲ စိုက်ပျိုးပါတယ်။ ခရမ်းညိုသီးဟာ ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုလည်း ရှိပါတယ်။ ဈေးနှုန်းကလည်း လက်ရှိမှာ တခြားခရမ်းသီးတွေထက် ဈေးနှုန်းပိုရပါတယ်။ ခရမ်းညိုသီးတစ်လုံးကို ငွေကျပ် ၂၅၀ ရောင်းရပါတယ်။ ကိုင်းတက်ပွားသီးတွေဆိုရင်တော့ အလုံးသေးတော့ ပိဿာချိန်နဲ့ ရောင်းရပါတယ်။ တစ်ပိဿာကို ငွေကျပ် ၁၅၀၀ နဲ့ ရောင်းချရပါတယ်။ ခရမ်းညိုသီးကို အကြိုက်တွေ့ပြီး ဝယ်ယူစားသုံးသူများလို့ မင်းဘူးမြို့ရှိ ကုန်းစိမ်းပွဲရုံတွေက ရသလောက်ဝယ်ယူကြပါတယ်။ ကျွန်တော်ကတော့ ခရမ်းညိုသီးကို မနှစ်ကမှစပြီး စိုက်ပျိုးတာဖြစ်လို့ အပင်အရေ အတွက် သိပ်မများပါဘူး။ တစ်ချို့တောင်သူတွေကတော့ အပင်ရေ ၂၀၀၀ ကျော်လောက် စိုက်ပျိုးကြပါတယ်။ ဈေးနှုန်းကောင်းတဲ့အတွက် ခရမ်းညိုသီး စိုက်ပျိုးတောင်သူတွေ စီးပွားရေးတွက်ခြေကိုက်သဖြင့် အဆင်ပြေကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြို့နယ်အတွင်းမှာရှိတဲ့ တောင်သူများအနေနဲ့ ဟင်းသီးဟင်းရွက် သီးနှံစားပင်များကို စိုက်ပျိုးရာမှာ ဈေးနှုန်းကောင်းတဲ့ ဒီခရမ်းညိုသီးကို တွင်ကျယ်စွာ အားထားစိုက်ပျိုးကြစေလိုပါတယ်” ဟု ပွင့်ဖြူမြို့နယ် ယောစုကျေးရွာမှ ခရမ်းညိုသီး စိုက်ပျိုးတောင်သူ ဦးသန်းထွန်းဦး က ပြောသည်။

 

851

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ တောင်သူများသည်  စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ မြေပဲ၊ နှမ်း ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ ကုလားပဲ ၊ နေကြာ ၊ ကြက်သွန် ၊ ခရမ်းချဉ်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးသည့်အပြင် ကြံစိုက်ခင်းများနှင့် ငှက်ပျော စိုက်ခင်းများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး အချို့ကျေးရွာမှ ဒေသခံတောင်သူများ အနေဖြင့် နှစ်ရှည်သီးနှံများဖြစ်သည့် လျှော်ဖြူ ၊ သရက်၊ သနပ်ခါးနှင့် မန်ဂျက်ရှား စိုက်ခင်းများကိုလည်း စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး )