ပွင့်ဖြူ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ပညာရေးဝန်ထမ်းနှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပညာရေးဝန်ထမ်းများအပါအဝင် ဌာနဆိုင်ရာရုံး ဝန်ထမ်း များကို ဇူလိုင် ၂၈ ရက်က ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာတွင် ပညာရေးဝန်ထမ်းနှင့် ဌာနဆိုင်ရာရုံးဝန်ထမ်း (၅၃)ဦး လာရောက်ထိုးနှံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပညာရေးဝန်ထမ်းနှင့် ဌာနဆိုင်ရာ ရုံးဝန်ထမ်းများကို ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ပေးပြီးနောက် ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့ကြပြီး ရောဂါကူးစက်မှုအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပညာရေးဝန်ထမ်းနှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးအလုံးရေ ၃၀၀ ရရှိထားကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


