ပွင့်ဖြူ ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ်အား ပြည်သူများ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ထိရောက်သော ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်သွားနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို အသံချဲ့စက်ယာဉ်ဖြင့် ဒေသခံပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုသို့ အသံချဲ့စက်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ရာတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါပိုးသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်းနှင့် မျက်နှာအကာ (Face Shield) များ မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရန် (သို့မဟုတ်) အယ်လ်ကိုဟော ၇၅ ရာခိုင်နှုန်း ပါဝင်သော လက်သန့်ဆေးရည်ဖြင့် မကြာခဏ သန့်စင်ပေးရန်၊ လူတစ်ဦးနှင့် တစ်ဦး အနည်းဆုံး ပေ အကွာ နေထိုင်ရန်၊ နှာချေခြင်းနှင့် ချောင်းဆိုးသည့်အခါများတွင် စနစ်တကျ ဖုံးအုပ်၍ ဆိုးရန်၊ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရန် အချက်များအား လက်ဆင့်ကမ်း အသိပေးနှိုးဆော် ဆောင်ရွက်ကြရန်နှင့် မလိုအပ်ဘဲ အပြင်သို့ သွားလာခြင်းများ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းများ ရှောင်ရှားရန်၊ ကိုယ်ခံအားကောင်မွန်စေရေး အလေးထား နေထိုင်သွားကြရန်၊ မိမိတွင် အနံ့ပျောက်ခြင်းနှင့် ဖျားနာခြင်း သံသယဖြစ်ဖွယ် လက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ချိတ်ဆက်၍ သတင်းပေးပို့ ဆောင်ရွက်ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို လိုက်လံသတိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယခုကဲ့သို့ အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံသတိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပြည်သူများ အပြင်သွားလာသည့်အခါ ပါးစပ် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာရေးအတွက် Mask Campaign ပြုလုပ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ပြန်/ဆက်)