ပွင့်ဖြူ ဇူလိုင် ၁၃
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အား ပြည်သူများ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ထိရောက်သော ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်သွားနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းတို့ ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၂ ရက် ညနေ ၄ နာရီခွဲက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို အသံချဲ့စက်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသံချဲ့စက်ယာဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ရာတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါပိုးသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်းနှင့် မျက်နှာအကာ (Face Shield)များ မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရန် (သို့မဟုတ်) အယ်လ်ကိုဟော ၇၅ ရာခိုင်နှုန်း ပါဝင်သော လက်သန့်ဆေးရည်ဖြင့် မကြာခဏ သန့်စင်ပေးရန်၊ လူတစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၆ ပေ အကွာ နေထိုင်ရန်၊ နှာချေခြင်းနှင့် ချောင်းဆိုးသည့်အခါများတွင် စနစ်တကျ ဖုံးအုပ်၍ ဆိုးရန်၊ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်တွင် ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရန်အချက်များအား လက်ဆင့်ကမ်း အသိပေးနှိုးဆော် ဆောင်ရွက်ကြရန်နှင့် မလိုအပ်ဘဲ အပြင်သို့ သွားလာခြင်းများ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းများ ရှောင်ရှားရန်၊ ကိုယ်ခံအားကောင်မွန်စေရေး အလေးထား နေထိုင်သွားကြရန်၊ မိမိတွင် အနံ့ပျောက်ခြင်းနှင့် ဖျားနာခြင်း သံသယဖြစ်ဖွယ် လက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာကျန်းမာရေးဌာနများနှင့် ချိတ်ဆက်၍ သတင်းပေးပို့ ဆောင်ရွက်ကြရန် စသည့် ကိုဗစ် - ၁၉ ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို လိုက်လံသတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယခုကဲ့သို့ အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပြည်သူများ အပြင်သွားလာသည့်အခါ ပါးစပ်နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာရေးအတွက် Mask Campaign ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


