ပွင့်ဖြူ ၂၅ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၂၅ ရက်၊ ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာ (၁၀)ဦးအနက် အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦး ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ပြုလိုက် ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံက သိရသည်။

 

အဆိုပါ ပိုးတွေ့လူနာ အမျိုးသားသည် ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာနေသူဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်နေ့က တိုင်းခြား ခရီးသွားလာရန်အတွက် (RDT) Test Kit ဖြင့် စစ်ဆေးမှုခံယူခဲ့ရာတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အမျိုးသား အား ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြားလူနာ ကုသဆောင်တွင် ပြောင်းရွှေ့ဆေးကုသမှုခံယူစေခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ် - ၁၉ ရောဂါ လက္ခဏာ မတွေ့ရဘဲ သတ်မှတ်ရက် ပြည့်မြောက်တာကြောင့် ဆေးရုံဆင်းခွင့်လက်မှတ်ထုတ်ပေးခဲ့ပြီး ယာယီသီးခြားလူနာကုသဆောင်မှ ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်က ပြောသည်။

 

ဆေးရုံဆင်းခွင့်ရရှိသူ ၎င်း အမျိုးသားအား ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတ အဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ပြီး Home Quarantine (၇)ရက် ဆက်လက်နေထိုင် သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးညွှန်ကြား ချက်များနှင့် အညီ နေထိုင်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)