ပွင့်ဖြူ  ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၆)ဦး အား ကျန်းမာရေး ကောင်းမွန်သဖြင့် ဩဂုတ် ၂၃ ရက်တွင် ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း၌ ယာယီဆေးခန်းဖွင့်လှစ်ထားရှိသော Treatment Centre မှ ဆင်းခွင့်ပြုခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ 

ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း၌ ဖွင့်လှစ်ထားရှိသော ယာယီဆေးကုသဆောင် Treatment Centre ရှိ ဆေးဝါးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာများအနက်မှ (၆) ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်မြောက်ပြီဖြစ်၍ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက်များ ပေးအပ်ကာ Treatment Centre မှ ဆင်းခွင့်ပြုခဲ့ကြောင်း၊ နေအိမ်သို့ ပြန်လည်ရောက်ရှိပါက  Home Quarantine (၇)ရက် ဆက်လက် နေထိုင်သွားရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုအန္တရာယ် လျော့နည်းပပျောက်စေရန်နှင့် ထိရောက်သော ကြိုတင်ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ ပြည်သူများ အပြင်သွားလာသည့်အခါ မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာရန် အသိပညာပေးနှိုးဆော်ခြင်း၊ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ မြို့တွင်းဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများနှင့် ခရီးသယ်တင်ယာဉ်လိုင်းများ၊ ကုန်တင်ယာဉ်ကြီးများအား ကြပ်မတ်စစ်ဆေးခြင်း၊ လူစည်ကားရာနေရာများနှင့် ဈေးများသို့ သွားရောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာများ ချိတ်ဆွဲပြသခြင်း၊ Mask Campaign လူထုလှုပ်ရှားမှုအဖြစ် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခြင်းများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဇွန်လ ၂၉ ရက်နေ့မှ ယနေ့အထိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ (၆၈၉)ဦး ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၅၉၄ ဦး၊ ဆေးဝါးကုသမှုခံယူနေဆဲ ပိုးတွေ့အတည်ပြုလူနာ ၆၆ ဦး၊ သေဆုံးသူ(၂၉) ဦး ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ  သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )