ပွင့်ဖြူ ၊ ၁၂ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မိုးရာသီတွင်စိုက်ပျိုးခဲ့သည့် ကြက်သွန်နီစိုက်ခင်းများ ယခုလဆန်းပိုင်းတွင် စတင်နုတ်သိမ်းနေကြပြီဖြစ်သော်လည်း လက်ရှိတွင် ကြက်သွန်နီ ဈေးနှုန်းများ ကျဆင်းနေသဖြင့် တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက် ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ဒေသခံတောင်သူတွေ မိုးရာသီက စိုက်ပျိုးခဲ့တဲ့ ကြက်သွန်နီ စိုက်ခင်းတွေ စတင်နုတ်သိမ်းနေကြပြီဖြစ်ပါတယ်။ စောစောပိုင်းက နုတ်ကြတဲ့တောင်သူတွေကတော့ ကြက်သွန်အထွက်နှုန်း နည်းပေမယ့် ခုရက်ပိုင်းမှာ နုတ်သိမ်းကြတဲ့တောင်သူတွေကတော့ အထွက်နှုန်း ကောင်းမွန်ကြပါတယ်။ ပျမ်းမျှအနေနဲ့ တစ်ဧကကို ကြက်သွန်နီပိဿာချိန် ၃၀ဝ၀ ခန့် ထွက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ယခုလို မိုးကြက်သွန်နီတွေ လှိုင်လှိုင်ပေါ်ချိန်မှာ တစ်ပိဿာကို ငွေကျပ် ၁၅၀ဝ ၊ ၂၀ဝ၀ နှုန်းနဲ့ ရောင်းချရတော့ ကြက်သွန်နီစိုက်ပျိုးတဲ့တောင်သူတွေ အားလုံးအဆင်ပြေကြ ပါတယ်။ အခုနှစ်မှာတော့ ကြက်သွန်နီဈေးနှုန်းက တစ်ပိဿာကို ငွေကျပ် ၄၀ဝ နှုန်းသာ ရောင်းချရတဲ့အတွက် စိုက်ပျိုးရတဲ့ အရင်းအနှီးစရိတ်နဲ့တွက်ရင် တွက်ခြေမကိုက်ဘူးဖြစ်နေပါတယ်။ ဒါ့ကြောင့် တောင်သူတွေက ကြက်သွန်နီ ဈေးကောင်း ရရှိဖို့အတွက် မျှော်လင့်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ကျေးရွာမှ ကြက်သွန်နီ စိုက်ပျိုးတောင်သူ ဦးခင်မောင်ဇော်က ပြောသည်။
ကြက်သွန်နီစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက မိုးရာသီနှင့် ဆောင်းရာသီတွင် အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြပြီး ပွင့်ဖြူမြို့နယ်အတွင်း ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အဓိက စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည့် ကျေးရွာများမှာ မဲဇလဲကျေးရွာ ၊ ဆည်တော်ကျေးရွာ ၊ ကြူဝင်းကျေးရွာ ၊ အနောက်လေးအိမ်ကျေးရွာ ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်း ကျေးရွာ ၊ ထူးပေါက်ကျေးရွာ ၊ ကျွဲခြံကျေးရွာ ၊ လယ်မကျေးရွာတို့ဖြစ်ပြီး မုန်းချောင်းတစ်လျှောက်ရှိ ကျေးရွာများတွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


