မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ဆောင်းသီးနှံ ထောပတ်ပဲ ၇၇၃၂ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ..........................

ပွင့်ဖြူ အောက်တိုဘာ ၄

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ဆောင်းသီးနှံ ထောပတ်ပဲ ၇၇၃၂ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးအတွက် ဈေးကွက်ရှိသည့် ထောပတ်ပဲသီးနှံအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုလာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း ထောပတ်ပဲသီးနှံအား ၇၇၃၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေဖို့၊ စားနပ်ရိက္ခာ ဖူလုံစေဖို့နဲ့ တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် ရည်ရွယ်ပြီး ထောပတ်ပဲသီးနှံ ၇၇၃၂ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ တောင်သူတွေကိုလည်း ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး သတ်မှတ်စိုက်ဧကတွေ ပြည့်မီအောင် စိုက်ပျိုးကြဖို့၊ ပန်းတိုင်အထွက်နှုန်းများ ရရှိအောင် စိုက်နည်းစနစ်တွေ မှန်ကန်ဖို့၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ တောင်သူတွေက ဆောင်းသီးနှံ အချိန်မီစိုက်ပျိုးနိုင်ဖို့အတွက် လယ်ယာမြေ ပြုပြင်ခြင်းလုပ်ငန်းများကို ကြိုပမ်းဆောင်ရွက်လျက်ရှိပြီး ထောပတ်ပဲသီးနှံ စိုက်ပျိုးခြင်းကို နိုဝင်ဘာလဆန်းလောက်မှ စတင်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

 

ပွင့်ဖြူမြို့နယ်၌ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံအလိုက် လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် ပန်းတိုင်အထွက်နှုန်းများ ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး စိုက်ပျိုးရေးနည်းပညာများနှင့် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ သွင်းအားစုပစ္စည်းများ စနစ်တကျ သုံးစွဲတတ်စေရေး စသည့် တောင်သူပညာပေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)