ပွင့်ဖြူ၊ ၂၅ မေ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မေ ၂၄ ရက် ညနေ ၅ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာအုပ်စု၊ ကျွဲတိကျေးရွာနှင့် ကံဆွယ်ကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာတို့တွင် နေအိမ် သုံးလုံးနှင့် တဲအိမ် နှစ်လုံး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မေ ၂၄ ရက် ညနေ ၅ နာရီခွဲက လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျွဲတိ ကျေးရွာတွင် သုံးပင်ပတ်လည် သက္ကယ်မိုး၊ ထရံကာ လူနေအိမ် တစ်လုံး ပြိုကျပျက်စီးခြင်း၊ ကံဆွယ်ကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာတွင် သုံးပင်ပတ်လည် သွပ်မိုး၊ ထရံကာ လူနေအိမ် နှစ်လုံး အမိုးလန်ပျက်စီးခြင်း၊ စပါးကျီတဲအိမ် တစ်လုံးနှင့် နွားတဲ တစ်လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ထိခိုက်ပျက်စီးသည့် လေဘေးသင့်အိမ်ထောင်စုဝင်များအား အဆင်ပြေစွာ နေထိုင်နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများနှင့် ဒေသခံရပ်မိရပ်ဖများက လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


