ပွင့်ဖြူ ၂၂ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာအုပ်စုနှင့် ပေတောကျေးရွာအုပ်စုတွင် ဧပြီ ၂၁ ရက် ည ၇ နာရီ မိနစ် ၅၀ ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ လူနေအိမ် ၂၂ လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ပေတောကျေးရွာအုပ်စု ပေတော(တ)ကျေးရွာတွင် လူနေအိမ် ၁၂ လုံး၊ ပေတော(မ)ကျေးရွာတွင် နေအိမ် ၅ လုံး၊ သရက်တောကျေးရွာအုပ်စု သမင်ခြံကျေးရွာတွင် ၅ လုံး စုစုပေါင်း လူနေအိမ် (၂၂)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးသည့် လူနေအိမ်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာနေပြည်သူများ၏ လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


