ပွင့်ဖြူမြို့နယ်၌ လင်မယားချင်း စကားများရန်ဖြစ်ရာမှ ယောကျာ်းဖြစ်သူက ကိုယ့်အိမ်ကို မီးပြန်ရှို့မှုဖြစ်ပွား

ပွင့်ဖြူ ၂၈ ဧပြီ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာတွင် ဧပြီ ၂၇ ရက် ည ၁၂ နာရီခန့်က လင်မယားချင်း စကားများရန်ဖြစ်ရာမှ ယောက်ျားဖြစ်သူက ကိုယ့်အိမ်ကို မီးပြန်ရှို့မှုဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။ 

ဖြစ်စဉ်မှာ ဧပြီ ၂၇ ရက် ည ၁၂ နာရီခန့်က ပွင့်ဖြူမြို့နယ် သူဌေးကုန်းကျေးရွာနေ ဦးဆန်းနိုင်လင်း (ခ) ဆန်းလင်းသည် နေအိမ်တွင်ရှိနေစဉ် ဇနီးနှင့် တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်ကာ ဇနီးအား မကျေနပ်၍ နေအိမ်အား မီးရှို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်ကျွမ်းရာသို့ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ ယာယီမြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်စိုးမောင် ဦးဆောင်သော သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ လိုက်ပါ၍ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးနှင့်အတူ ဒေသခံရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် သူဌေးကုန်းကျေးရွာနေ ဦးဆန်းနိုင်လင်း (ခ) ဆန်းလင်း ပိုင်ဆိုင်သော အလျား ၂၂ ပေ၊ အနံ ၂၅ ပေရှိ မြေစိုက်၊ သက္ကယ်မိုး၊ ထရံကာကြမ်းခင်း နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ မိမိနေအိမ်အား မဆင်မခြင် မီးရှို့ဖျက်ဆီးသူ ဦးဆန်းနိုင်လင်း (ခ) ဆန်းလင်းအား ပွင့်ဖြူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)