ပွင့်ဖြူ၊  ၂၂     ဇန်နဝါရီ     

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေနိုင်မည့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး လက်တံ (၁၄) မြောင်းဘောင်လမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်လျက်ရှိရာ  ဇန်နဝါရီ ၂၁ ရက် ၊ နံနက် ၁၀ နာရီက တာဝန်ရှိသူများ အဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တောင်မုန်းမြောင်းမကြီး လက်တံ (၁၄) မြောင်းဘောင်လမ်းသည် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရွှေလှေကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ ဆည်မုန်းကျေးရွာတို့ အပါအဝင် အနီးဝန်းကျင် ကျေးရွာများမှ အဓိက သွားလာအသုံးပြုနေသည့် လမ်းဖြစ်ကာ ယခုနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၇ ဒသမ ၅ သန်းဖြင့် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြောင်းဘောင်လမ်းအရှည်ပေ ၃ မိုင် ၊ တစ်ဖာလုံအား လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ဖောက်လုပ်ခြင်းလုပ်ငန်းကို တော်ဝင်းထွန်း ကုမ္ပဏီအား တင်ဒါစနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရပြီး ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာက  လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက တင်ဒါပါစည်းကမ်းချက်များနှင့်အညီ စံချိန်စံညွှန်းပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။  

 

အဆိုပါ ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး လက်တံ (၁၄) မြောင်းဘောင်လမ်းအား မြေနီကျောက်စရစ်လမ်း အဖြစ် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ ဆည်မုန်း ကျေးရွာတို့ အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ အိမ်ခြေ ၂၈၂၅ အိမ်၊ လူဦးရေ ၁၁၅၁၃ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်း သွားလာနိုင်မည့်အပြင် ဒေသခံတောင်သူများ၏ လယ်မြေဧက ၃၂၉၆ ဧက အား (နွေ ၊ မိုး ၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ သွားလာစိုက်ပျိုး လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လယ်မြေများမှ ထွက်ရှိသော ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချ သွားနိုင်မည်ဖြစ်ရာ ဒေသခံပြည်သူများ၏ ကျေးလက်လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြု ပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။   

 

ရဲဝင်းနိုင် ( ပြန်/ဆက် )