ပွင့်ဖြူ၊ ၃ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေနိုင်မည့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး လက်တံ(၁၄) မြောင်းဘောင်လမ်းအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်က စတင်၍ မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တောင်မုန်းမြောင်းမကြီး လက်တံ(၁၄) မြောင်းဘောင်လမ်းသည် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရွှေလှေကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ ဆည်မုန်းကျေးရွာတို့ အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ အဓိကသွားလာ အသုံးပြုနေသည့် လမ်းဖြစ်ကာ ယခုနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ် ၃၇ ဒသမ ၅ သန်းဖြင့် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြောင်းဘောင်လမ်းအရှည်ပေ (၃)မိုင်၊ တစ်ဖာလုံအား လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ဖောက်လုပ်ခြင်းလုပ်ငန်းကို တော်ဝင်းထွန်းကုမ္ပဏီအား တင်ဒါစနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခုဖောက်လုပ်နေသည့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး လက်တံ(၁၄) မြောင်းဘောင်လမ်း မြေနီကျောက် စရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ ဆည်မုန်းကျေးရွာတို့ အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ အိမ်ခြေ ၂၈၂၅ အိမ်၊ လူဦးရေ ၁၁၅၁၃ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် ဒေသခံတောင်သူများ၏ လယ်မြေဧက ၃၂၉၆ ဧကအား (နွေ၊ မိုး၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လယ်မြေများမှ ထွက်ရှိသော ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ရာ ဒေသခံပြည်သူများ၏ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။ 

 

ရဲဝင်းနိုင် (ပြန်/ဆက်)