ပွင့်ဖြူ ဇူလိုင် ၂၅

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးသီးနှံလျာထားဧက ပြည့်မီရေး ဇူလိုင်လဆန်းမှ စတင်စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးသီးနှံ ၂၉၆၈၃ ဧက စိုက်ပျိုးပြီးစီးကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိုးစပါးသီးနှံ ၆၉၉၄၃ ဧက လျာထားစိုက်ပျိုးသွားမည်ဟု သိရပြီး ဒေသခံတောင်သူများကို မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဇွန် ၁၅ ရက်မှ စတင်ကာ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးထားကြောင်း သိရသည်။

 

“စပါးမျိုးတွေအနေနဲ့ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ၊ ပေါ်ဆန်းရင်၊ ပခန်းရွှေဝါ၊ ချမ်းမြေ့မေ၊ ဆင်းသိင်္ဂီ စတဲ့ စပါးမျိုးတွေကို အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုးရေ အဆင်ပြေတဲ့အပြင် ရာသီဥတုလည်း မျှတကောင်းမွန်တဲ့အတွက် စပါးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုလည်း ရှိပါတယ်။ နောက်ပြီး ဒေသခံ တောင်သူတွေက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်လျာထားတဲ့ စပါးစိုက်ဧက ပြည့်မီစေရေးအတွက် မဲဇလီရေလွှဲဆည်ရေ၊ မင်းဘူး(စကု) မြို့နယ်က အိုင်းမရေလွှဲဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်၊ ရေစုပ်စက်စနစ်၊ မိုးကောင်းသောက်စနစ်နဲ့ အခြား ဆည်/ကန်ငယ်များမှ တစ်ဆင့် စိုက်ပျိုးရေကို အကျိုးရှိရှိ အသုံးချပြီး ကြိုးပမ်းစိုက်ပျိုးခဲ့ကြလို့ ယနေ့အထိ မိုးစပါးသီးနှံ ၂၉၆၈၃ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနကလည်း ဒေသခံတောင်သူတွေကို မိုးစပါးသီးနှံစိုက်ပျိုးရာတွင် တစ်ဧက ပန်းတိုင်အထွက်နှုန်းများ တိုးတက်စေဖို့ သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ခံ ကွင်းဝန်ထမ်းတွေက ကွင်းဆင်းကြီးကြပ်ပြီး စိုက်နည်းစနစ်နဲ့ သွင်းအားစု ပစ္စည်းသုံးစွဲနည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။ 

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)