mdn

ပွင့်ဖြူ        စက်တင်ဘာ       ၉
    
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဩဂုတ်လပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်း ဘေးအနီး ကျေးရွာများဖြစ်သည့် နန်းတော်ကျွန်းကျေးရွာ ၊ ထူးကျေးရွာ ၊ ငါးခြောက်ကျွန်းကျေးရွာ ၊ ဆည်မုန်းကျေးရွာနှင့် မြင်းခြံစုကျေးရွာတို့တွင် မြစ်ရေဝင်ရောက်မှုများရှိခဲ့ရာ ယခုအခါ ဧရာဝတီမြစ်ရေမှာ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ တစ်ရွာနှင့် တစ်ရွာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစွာ သွားလာခွင့်ရရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်နန်းတော်ကျွန်း ကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။ 
    
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများသည် နှစ်စဉ် ဧရာဝတီမြစ်ရေ မြင့်တက်လာချိန်တွင် ရေဝင်ရောက်လေ့ရှိပြီး ထိုသို့ ဧရာဝတီမြစ်ရေ ကျေးရွာများသို့ ဝင်ရောက်သည့်အခါတွင် ဒေသခံ တောင်သူများမှာ မိမိတို့ မွေးမြူထားရှိသော ကျွဲနွားတိရစ္ဆာန်များကို ကုန်းမြင့်များရှိရာအရပ်သို့ ပြောင်းရွှေ့ထားရကြောင်း ၊ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသည့်အချိန်တွင်  စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ကြရာ ဧရာဝတီမြစ် ရေဝင်ရောက်သည့်အတွက် မြေဆီမြေဩဇာ ကောင်းမွန်ပြီး စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းကြကြောင်း သိရသည်။ 
    
ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများနှင့် မုန်းချောင်းဘေးတစ်လျှောက် ကျေးရွာ များမှ ဒေသခံကျေးလက်နေပြည်သူများ မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံမှု ကြောင့် ထိခိုက်မှုများ မဖြစ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများ အရောက် သွားရောက်ပြီး ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး ခြင်းနှင့် ကျေးရွာနေပြည်သူများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ထားရှိရေးအတွက် အသိပေးဆွေးနွေးမှာကြား ထားရှိကြောင်း သိရသည်။ 
    
ပွင့်ဖြူမြို့နယ်မှာ နှစ်စဉ် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် “ကျွန်တော်တို့ နန်းတော်ကျွန်းကျေးရွာ အပါအဝင် မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေဖြစ်တဲ့ ထူးကျေးရွာ ၊ ငါးခြောက်ကျွန်းကျေးရွာ ၊ ဆည်မုန်းကျေးရွာနှင့် မြင်းခြံစု ကျေးရွာတွေမှာ ရေဝင်ရောက်မှုတွေ ဖြစ်လေ့ရှိပါတယ်။ ဒီနှစ်လဲ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်  ကျေးရွာတွင်း လမ်းတွေနဲ့ လူနေအိမ်ဝိုင်းတွေမှာ မြစ်ရေဝင်ရောက်မှုတွေ ရှိခဲ့ပါတယ်။  ဒါပေမယ့် မြစ်ရေဝင်ရောက်မှုက အနည်းငယ်သာ တိုးတာဖြစ်လို့  လူနေအိမ်တွေ ပြောင်းရွှေ့ရတာ မျိုးတော့ မရှိခဲ့ပါဘူး ၊ ကျွဲ ၊ နွား တိရစ္ဆာန်တွေလောက်ပဲ ရေလွတ်ရာ ကုန်းမြင့်တွေရှိတဲ့နေရာတွေကို ရွှေ့ပြောင်းခဲ့ရတာပါ ။ ခုတော့ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်လို့ တစ်ရွာနဲ့ တစ်ရွာ လမ်းပန်းဆက်သွယ်ရေးတွေလည်း ကောင်းသွားပါပြီ” ဟု ပွင့်ဖြူမြို့နယ်နန်းတော်ကျွန်းကျေးရွာမှ ဒေသခံ ကိုမိုးနန်းဝေ က  ပြောသည်။    

ရဲဝင်းနိုင် ( ညောင်ဦး )