ပွင့်ဖြူ ၇ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ထော်လာဂျီယာဉ်များနှင့် သုံးဘီး ဆိုင်ကယ်များအား ယာဉ်လိုင်စင်သက်တမ်းတိုးခြင်း ၊ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းနှင့် အသစ်ပြုလုပ်ပေးခြင်းတို့ကို စက်တင်ဘာ ၇ ရက် ၊ ယနေ့ နံနက် ၈ နာရီက မင်းဘူးခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့် မော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့ ၊ ပြည်လုံးချမ်းသာမြို့ဦးစေတီတော်မြတ်ကြီး ကွင်းပြင်သို့ လာရောက်ပြီး နေ့ချင်းပြီးကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အချိန်ကုန်လူပင်ပန်းသက်သာပြီး ငွေအကုန်အကျ သက်သာစေရန် အတွက် ရည်ရွယ်ကာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ထော်လာဂျီယာဉ်များနှင့် သုံးဘီးဆိုင်ကယ်များအား ယာဉ်လိုင်စင် သက်တမ်းတိုးခြင်း ၊ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းနှင့် အသစ်ပြုလုပ်ပေးခြင်းကို မင်းဘူးခရိုင်ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်မောင်နှင့် ဝန်ထမ်းများအဖွဲ့က အာမခံလုပ်ငန်းမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ရန် လာရောက်သည့် ဒေသခံပြည်သူများကို ယာဉ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ယာဉ်အချက်ပြမီး အသုံးပြုပုံ နည်းစနစ်များကို ပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောပြီး၊ ယာဉ်နှင့် ပတ်သက်၍ ဆောင်ရွက်လိုသည်များကို နေ့ချင်းပြီး ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ ကျွန်မတို့ မြို့နယ်ကို ယခုလို လာရောက်ပြီး ယာဉ်လိုင်စင်သက်တိုးခြင်းလုပ်ငန်း ၊ ယာဉ်မောင်းလိုင်စင် သက်တမ်း တိုးခြင်းလုပ်ငန်းနဲ့ ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်ခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလို့ မင်းဘူးခရိုင် (က.ည.န)ရုံးမှ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါတယ်။ ယခုလို ဆောင်ရွက်ပေးတဲ့အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူ များနှင့် ကျေးလက်နေပြည်သူများ ယာဉ်နဲ့ပတ်သက်ပြီး ဆောင်ရွက်လိုသည်များကို အချိန်ကုန် လူပင်ပန်းသက်သာစွာ ဆောင်ရွက်ခွင့်ရရှိတော့ အရမ်းအဆင်ပြေပါတယ်။ နောက်ပြီး ငွေအကုန်အကျလည်း နည်းသွားပါတယ်။ ဒါ့အပြင် ကျွန်မတို့ ပြည်သူတွေကို ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် ရှောင်ကြဉ်သတိပြုရမည့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းနှင့် ယာဉ် အချက်ပြမီးအသုံးပြုပုံနည်းစနစ်များကို ပညာပေးဆွေးနွေး ဟောပြောပေးတဲ့အတွက် ကိုယ်မသိသေးတဲ့အရာတွေကို သိခွင့်ရလို့ အရမ်းလည်းပျော်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)


